ကလေးတိုင်း ပုံပြင်နားထောင်ဖူးကြတယ်။ ကလေးတိုင်း ပုံပြင်ကြိုက်တတ်ကြတယ်။ ကလေးတိုင်း လူကြီး ဖြစ်လာကြရတယ်။
ပုံပြင်တွေဟာ နေထိုင်မှုဘဝကို ရင့်ကျက်စေတယ်။ ပုံပြင်တွေဟာ အတွေးအခေါ်ကောင်း တွေပေးတယ်။ ပုံပြင်တွေဟာ လူတစ်ယောက်ချင်းစီကို ပဲ့ပြင်ပေးနေတယ်။
ပဲ့ပြင်မှုကြောင့် နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ ပဲ့ပြင်မှုကြောင့် အတော်ဆုံး သိပ္ပံပညာရှင်တွေ ဖြစ်လာတယ်။ ပဲ့ပြင်မှုကြောင့် ဦးဆောင်နိုင်သူတို့ ဖြစ်လာကြတယ်။
ကျွန်တော်တို့တွေ ပြောနေတဲ့ ပုံပြင်တိုင်းဟာ နေ့စဉ်နဲ့အမျှ ကမ္ဘာလောကကြီးကို ပုံသွင်းနေတယ်။
ကျွန်တော်တို့ ပုံပြင်တွေပြောလို့ ကမ္ဘာကြီးကောင်းလာခဲ့ပေမယ့် ကျွန်တော်တို့ ကောင်းဖို့ ကမ္ဘာကြီး ဘာပုံပြင်တွေပြောနေသလဲ။ နားထောင် ဖြစ်ကြသလား မိတ်ဆွေတို့...။
ကမ္ဘာကြီးဟာ တစ်နှစ်တစ်ခါ အသက်ရှူရင်း ပုံပြောနေတယ်။
ငိုနေတဲ့ အာတိတ်ဒေသက ရေခဲတောင်တွေအကြောင်း သူပြောတယ်။ ကျွန်တော်တို့ နားမထောင် ခဲ့ကြဘူး။
ရှားပါး သတ္တဝါတွေနဲ့ မျိုးစိတ်တွေ မျိုးတုန်းလာတဲ့အကြောင်း သူပြောတယ်။ ကျွန်တော်တို့ နားမထောင် ခဲ့ကြဘူး။
မိနစ်တိုင်း မိနစ်တိုင်း ဘောလုံးကွင်းပေါင်း ၄၀ စာလောက် သစ်တောတွေ ပြုန်းတီးနေကြောင်း သူပြောတယ်။ ကျွန်တော်တို့ နားမထောင်ခဲ့ကြဘူး။
ကမ္ဘာကြီး ဖျားနာလာတယ်။ ကမ္ဘာကြီး ပုံမှန်မဟုတ်တော့ဘူး။ သူ တဖွဖွပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးပြောပြနေတဲ့ ပုံပြင်တွေကို နားမထောင်ခဲ့ကြပါဘူး။
ကျွန်တော်တို့ ကမ္ဘာကြီး ကောင်းဖို့ ကျွန်တော်တို့ ပုံပြောကောင်းဖို့လိုသလို ကျွန်တော်တို့ ကောင်းဖို့အတွက် ကမ္ဘာကြီး ပြောနေတဲ့ပုံပြင်တွေကို နားထောင်တတ်ဖို့လည်း လိုပါသေးတယ်။
No comments:
Post a Comment