အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့

ကျွန်တော်ငယ်စဉ်ကဇာတိမြို့ ဟင်္သာတမှာ ရုပ်ရှင်ရုံတွေကိုပတ်ပြီး ရုပ်ရှင်အလွတ်မပေး ကြည့်တတ်ပါတယ်။ ရွှေဗဟို၊ ရွှေဟင်္သာ၊ မင်္ဂလာညွန့်၊ အောင်မင်္ဂလာစတဲ့ ရုပ်ရှင်ရုံတွေ ဖြစ်ပါတယ်။ ရွှေဟင်္သာရုပ်ရှင်ရုံဟာ ကျွန်တော်မမွေးမီက ထွန်းလင်းရုံလို့ အမည်တွင်ခဲ့ပြီး အသံတိတ်ရုပ်ရှင်ခေတ်မှာ ကွယ်လွန်သူဂီတစာဆိုကြီး စန္ဒရားချစ်ဆွေ ပတ္တလားတီးဖျော်ဖြေခဲ့တဲ့ ရုပ်ရှင်ရုံကြီးပေါ့။ ယခုတော့ အဲဒီရုပ်ရှင်ရုံတွေ တစ်ရုံမှ မရှိတော့ပါဘူး။
ရုပ်ရှင်ရုံတွေ လှည့်ပတ် ကြည့်တတ်တဲ့ ကျွန်တော်ဟာ ရွှေဗဟိုရုပ်ရှင်ရုံက အစ်ကိုကြီး တစ်ယောက်ကို သတိထားမိပါ တယ်။ သူက ကျွန်တော်တို့ ရုပ် ရှင်ကြည့်ပရိသတ်တွေ လက်မှတ်ဝယ်ဖို့ တန်းစီနေချိန်မှာ စက်ဘီး လေးတစ်စီးနဲ့ ရောက်လာတတ်ပါ တယ်။ အင်္ကျီက လည်ကတုံး အဖြူ၊ လုံချည်က ရခိုင်ပုဆိုးလေး နဲ့ပါ။ အစကတော့ ရုပ်ရှင်ရုံမန် နေဂျာလေးလို့ ထင်ထားမိပါ တယ်။ ကျွန်တော်တို့ခေတ်က ရုပ် ရှင်လက်မှတ် တန်းစီရတာဟာ ချွေးတပြိုက်ပြိုက်နဲ့ သမ၀ါယမ ဆိုင်မှာ ရွှေဝါဆပ်ပြာရဖို့ တန်းစီ ရတာထက် ဆိုးပါတယ်။ ခုလိုဗီဒီ ယိုတို့၊ တီဗီတို့မှ မပေါ်သေးတဲ့ ခေတ်ကိုး။
ရုပ်ရှင်လက်မှတ်ဂိတ်ပေါက် ရောက်တဲ့အခါ ဘွားခနဲတွေ့ရ တာက ခုနက အင်္ကျီအဖြူလည် ကတုံးဝတ်ထားတဲ့ အစ်ကိုကြီးပါ။ အပေါ်မှာ တိုက်ပုံအင်္ကျီပါထပ် ၀တ်ထားပါသေးတယ်။ ရွှေဗဟို မှာ ရုပ်ရှင်ကြည့်တာများတဲ့အခါ အင်္ကျီအဖြူလည်ကတုံးနဲ့ တိုက်ပုံ အင်္ကျီအမြဲဝတ်တတ်တဲ့ လက် မှတ်ရောင်းသူအစ်ကိုကြီးနဲ့ ရင်းနှီးမိပါတယ်။ ‘‘အစ်ကိုက အရာရှိ လည်း မဟုတ်၊ မန်နေဂျာလည်း မဟုတ်ဘဲနဲ့ အင်္ကျီအဖြူအမြဲဝတ် ပြီး တိုက်ပုံအင်္ကျီနဲ့ အလုပ်လာတာ ဘာကြောင့်လဲ’’မေးတော့ ‘‘ကိုယ့် ကိုယ်ကိုယ်ယုံကြည်လို့’’လို့ ဖြေပါ တယ်။
ထိုအချိန်က ကျွန်တော်တို့ တွေကလည်း အထက်တန်းကျောင်းသားတွေပါ။ နေ့စဉ်အင်္ကျီအဖြူ၊ လုံချည်အစိမ်းကျောင်းဝတ်စုံတွေ ၀တ်ပြီး ကျောင်းသွားတက်ရပေ မယ့် တစ်ခါမှ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိအောင် ၀တ်တယ်လို့ မခံစားမိပါဘူး။ အခြားသူတွေဝတ်သ ကဲ့သို့ ကိုယ်လည်း လိုက်ဝတ်ရ တယ်လို့သာ သိထားခဲ့ပါတယ်။
တက္ကသိုလ် ကျောင်းသား ဘ၀ရောက်တဲ့အခါ ကျောင်းဝတ် စုံမရှိတော့တဲ့အတွက် ၀တ်ချင်တဲ့ အရောင်အဆင်းတွေ ၀တ်ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေက ကြိုက်နှစ်သက်ရာ အ၀တ်အစားတွေ ၀တ်ကြပေမယ့် ကျောင်းအုပ်ဆရာကြီးကတော့ အမြဲတမ်းလည်ကတုံးအင်္ကျီအဖြူလေးဝတ်ထားပါတယ်။ သူ့နာမည်က ဦးစောလှိုင်ပါ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမတိုင်မီ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေနဲ့ ပတ်သက်တဲ့ ဦးနေ၀င်းဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။ သိပ်ချစ်စရာ ကောင်းတဲ့ လူပျိုကြီး၊ ဆရာကြီး တစ်ယောက်ပါ။ ကျောင်းထဲမှာ အရက်သေစာမူးနေတဲ့ ကျောင်း သားတွေတွေ့ရင် ကျောင်းမထုတ် ဘဲ သူ့ရုံးခန်းထဲက ဘုရားခန်းမှာ သြကာသချကာ ဘုရားဝတ်ပြု ခိုင်းသူပါ။ ကျောင်းသားတွေအ ပေါ် ချစ်ခင်မှုနဲ့ ရိုသေလေးစား အောင်နေတတ်တဲ့အတွက် သူ ၀တ်နေကျအင်္ကျီအဖြူလေးနဲ့ ရုပ် သွင်ကို ယခုအချိန်အထိ မှတ်မိနေ တာ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသား ဘ၀ပြီးလို့ လုပ်ငန်းခွင်တွေရောက်တဲ့အခါ အင်္ကျီအဖြူရဲ့ သဘော တရားကို ပိုမိုနားလည်လာပါ တယ်။ အင်္ကျီအဖြူရောင်ကို ၀တ် ဆင်မိတိုင်း မိမိကိုယ်ကိုယ်သန့်ရှင်းစင်ကြယ်တယ်လို့ ထင်မိသလို အခြားသူတွေ ၀တ်လာတာတွေ့ ရင်လည်း ကျက်သရေရှိတယ်လို့ ခံစားမိပါတယ်။ အထူးသဖြင့် အမျိုးသားများဝတ်တဲ့ လည်က တုံးအင်္ကျီအဖြူနဲ့ အမျိုးသမီးများ ၀တ်တဲ့ ရင်ဖုံးအင်္ကျီအဖြူတွေ ဖြစ်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ အစည်းအဝေးတွေ၊ ဂုဏ်သရေရှိ အခမ်းအနားတွေမှာ ၀တ်ကြတဲ့ မြန်မာဝတ်စုံအဖြစ်လည်း အမှတ် ထားမိလာပါတယ်။
အဲဒီနှစ်ကာလများမှာပဲ ကျွန် တော်တို့ရဲ့ နောင်တော်ကြီး အဆို တော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်က ကျွန်တော့်ရဲ့ အဖြူ ရောင်ယုံကြည်မှုအပေါ် မေးခွန်း ထုတ်လိုက်ပါတယ်။ သူကိုယ်တိုင် ရေးဖွဲ့သီဆိုခဲ့တဲ့ ‘လူနဲ့ အင်္ကျီ’ ဆို တဲ့ သီချင်းလေးဖြစ်ပါတယ်။ နား ဆင်ဖူးသူတိုင်း စွဲမက်ရတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းစာသားလေး ကို ရေးပြခွင့်ပြုပါ။
‘ကျွန်တော်ဟာ ငယ်စဉ် တုန်းက အဖြူရောင်အင်္ကျီလေး ကို တကယ်စိတ်စွဲနှစ်သက်စွာ စွဲ မြဲဝတ်တတ်တယ်××× အချိန် တွေကုန်လာခဲ့တော့ ကျွန်တော် လည်း အရွယ်ရောက်ပြီ ဖြူစင်လှ သော အင်္ကျီလေးဝတ်ဖို့ ရှက်လာ တယ်×× လူရယ်ခေါ်နိုင်တယ်အ ခါ နာကျင်တတ်ပြီစိတ်မှာ ပြန် လည်လျှော်ဖွပ်မရတော့ဘူး ဘ၀က ညစ်ပတ်တယ်××အမှန်ကို မမြင်နိုင်သေးတော့ ဒီအညစ်အ ကြေးတွေ စွန်းဆဲဖြူစင်လှသော အင်္ကျီလေးမင်းအတွက်အားနာ တယ်’
ဒီသီချင်းစာသားလေးကို ဆို ညည်းရင်း သတိရမိတာက လူဆို တာအမှားရှိတတ်တဲ့ သတ္တ၀ါဆို တဲ့ စကားပါ။ ငယ်စဉ်တုန်းက အမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ အဖြူ ရောင်အင်္ကျီလေးဟာ အရွယ် ရောက်တဲ့အခါ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေများလာတဲ့အ တွက် မိမိခန္ဓာကိုယ်ကြီးကို ညစ် ပတ်လာတယ်လို့ သဘောပေါက် လာပြီး အင်္ကျီအဖြူလေးများဝတ် လိုက်ရင် စွန်းပေသွားမလားလို့ပဲ တွေးမိလာစေတဲ့ ဆင်ခြင်မှုကို ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။
‘အင်္ကျီဖြူဖြူလေးရယ်၊ မင်း လောက်တို့ မသန့်စင်တယ်××× စိတ်မှာ ဒီအညစ်အကြေးတွေ ဆေး ကြောလိုက်ချင်တယ်××× လိပ် ပြာမလုံချင်ဘူးကွယ် အဖြူရောင် မြင်ရင် ရင်မှာနာကျင်ခဲ့’
ဒီသီချင်းကို နားဆင်ပြီးက တည်းက ကျွန်တော်ကိုယ်တိုင် အင်္ကျီအဖြူဝတ်တိုင်း တရားသ ဘောဆင်ခြင်မိလာသလို အဖြူ ရောင်အင်္ကျီအောက်က လူတွေရဲ့ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေ ဘယ်လိုရှိမယ်ဆိုတာလည်း နား လည် သဘောပေါက်လာ မိပါ တယ်။
အဖြူရောင်လည်ကတုံးရှပ် အင်္ကျီဟာ မြန်မာအမျိုးသားဝတ်စုံ တစ်ခုပါ။
အဖြူရောင် ရင်ဖုံးအင်္ကျီ ဟာလည်း မြန်မာအမျိုးသမီးဝတ် စုံဆိုရင် မမှားပါဘူး။ ဒီအင်္ကျီတွေ ကို ဂုဏ်ယူစွာနဲ့ နုနယ်ဖြူစင်သေး တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကအစ သူတို့ကို သွန်သင်ဆုံးမ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေဝတ်ဆင်ကြပါတယ်။ ဒါ့အပြင် လူမှုရေး၊ ဘာသာရေး အခမ်းအနားများမှာလည်း မြတ်နိုး စွာဝတ်ဆင်တတ်ကြသလို ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရ၀န်ထမ်းများ၊ သူဌေးသူကြွယ်များ၊ နိုင်ငံခေါင်း ဆောင်များဟာလည်း အဖြူရောင် အင်္ကျီနဲ့ အဖြူရောင်တိုက်ပုံတို့ကို ဂုဏ်ယူစွာဝတ်ဆင်တတ်ကြပါ တယ်။
ဒါပေမဲ့ ယခုနောက်ပိုင်းမှာ တော့ မြန်မာအမျိုးသားဝတ်စုံ အင်္ကျီဖြူဖြူတွေရဲ့ အောက်က ညစ်ပတ်နံစော်လှတဲ့ လူ့ဗာလာနံ တွေရဲ့ ဘ၀တွေကို မြင်တွေ့လာ ရပါတယ်။ အမျိုးသားရေးဗန်းပြ ကာ လူမျိုးရေး၊ ဘာသာရေးခွဲခြား ပြီး တိုင်းပြည်ဆူပူအောင်လုပ်နေ တဲ့ သူတွေကလည်း အင်္ကျီအဖြူ တွေဝတ်ကြ။ နိုင်ငံတော်အကြည် ညိုပျက်စေမှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ မူး ယစ်ဆေးဝါးမှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ လက်နက်မှုနဲ့ ရုံးထုတ်လာတဲ့ တရားခံကလည်း အင်္ကျီအဖြူ၊ လူ သတ်မှုနဲ့ ရုံးထုတ်လာတဲ့ တရားခံ တွေကလည်း အင်္ကျီအဖြူတွေနဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ မြင်ရ တဲ့အခါ မြင်ရသူတိုင်း စိတ်မ ကောင်းဖြစ်ကြရမှာ ဖြစ်သလို အဖြူရောင်လည်ကတုံးရှပ်အင်္ကျီ ၀တ်ဖို့တောင် ဆင်ခြင်ကောင်း ဆင်ခြင်လာနိုင်ကြပါတယ်။
ကျွန်တော်ငယ်စဉ်က ရုပ်ရှင် ရုံမှာလက်မှတ်ရောင်းတဲ့ အစ်ကို ကြီးတစ်ယောက်ရဲ့ စကားကို ပြန် ကြားယောင်မိပါတယ်။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်လို့ အမြဲတမ်းအဖြူ ရောင်ဝတ်တယ်ဆိုတာပါ။ လူ့အ ဖွဲ့အစည်းကို ဒုက္ခပေးပြီး အများ ယုံကြည်မှုမရှိအောင်နေတဲ့ သူ တွေက အဖြူရောင်အင်္ကျီဝတ်တဲ့ အခါမှာတော့ ကျွန်တော်တို့အား လုံးရင်မှာ နာကျင်ဖို့ပဲရှိပါတော့ တယ်။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
No comments:
Post a Comment